Print

ခန္ဓာကိုယ် အဝလွန်ခြင်းကို ကာကွယ်ထိန်းသိမ်းနည်း

  01-Mar-2017
Preview Image

 

ဆီးချိုသွေးချိုရောဂါကာကွယ်ရေးတွင် နည်းလမ်းနှစ်သွယ်ရှိသည့်အနက် ဆီးချိုသွေးချိုရောဂါ၊ ပိုမိုဖြစ်နိုင်ခြေများသောသူများအတွက် ကာကွယ်နည်း (High Risk Approach) အကြောင်းကို ဆွေးနွေးတင်ပြပြီးပါပြီ။ အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုရောဂါအဖွဲ့ချုပ်ကြီးမှ ၎င်းသူများအတွက် ဆီးချိုသွေးချိုရောဂါ ကာကွယ်ရန် -

 

- ခန္ဓာကိုယ်အဝလွန်ခြင်းကို ကာကွယ်ထိန်းသိမ်းနည်း
- ကိုယ်လက်လှုပ်ရှားမှုများဖြင့် နေ့စဉ်နေထိုင်ခြင်းနှင့် ဆေးဝါးများ အသုံးပြု၍ ကာကွယ်နည်းများကို အသုံးပြုကြရန် အဆိုပြုထားပါသည်။ 

 

အစားအသောက်
ဆီးချိုသွေးချိုရောဂါ ကာကွယ်ရေးတွင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ များသူများအတွက် အရေးကြီးသောအချက်တစ်ချက်မှာ အစားအသောက်ပင်ဖြစ်ပါသည်။ အစားအသောက် ပုံစံမမှန်မှုကြောင့် ခန္ဓာကိုယ် အဝလွန်ကဲမှုကို ဖြစ်စေနိုင်သကဲ့သို့ နှလုံးသွေးကြောရောဂါနှင့် ဆီးချိုသွေးချို ရောဂါများကိုလည်း ပိုမိုဖြစ်ပွားစေနိုင်ပါသည်။ တစ်နည်းအားဖြင့် အစားအသောက်ကို မှန်မှန်ကန်ကန် စားသုံးနိုင်ခြင်းဖြင့် အဝလွန်ကဲခြင်း၊ နှလုံးသွေးကြောရောဂါနှင့် ဆီးချိုသွေးချိုရောဂါများကို တစ်ပြိုင်နက်တည်း ကာကွယ်ရာရောက်ပါသည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများသူများသည် ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်ပုံစံကို အထူးလိုက်နာကျင့်သုံးကြရန် လိုအပ်ပါသည်။ 

 

(က) ကာဗိုဟိုက်ဒရိတ် (Carbohydrate) ခေါ် ကစီဓာတ် 

လူတို့နေ့စဉ် လှုပ်ရှားသွားလာနိုင်ရန်အတွက် အင်အားဓာတ်ကို ကာဗိုဟိုက်ဒရိတ်ခေါ် ကစီဓာတ်မှ ရရှိပါသည်။ ကစီဓာတ်ကို ဆန်နှင့်ဂျုံမှရသော အစားအစာများက အဓိကပေးပါသည်။ ဆန်ကြောင့် ပြုလုပ်ထားသော အစားအစာများမှာ ထမင်း၊ ဆန်ပြုတ်၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဇံ၊ မုန့်ဟင်းခါး၊ မုန့်တီ စသည်တို့ဖြစ်ကြသည်။ ဂျုံမှရသော အစားအစာများအနေဖြင့် ဂျုံခေါက်ဆွဲ၊ ဂျုံကြာဆံ၊ ပေါင်မုန့်၊ ချပါတီ၊ ပလာတာ၊ နံပြားစသည့် အစားအစာများ ပါဝင်ကြပါသည်။ ၎င်းဖော်ပြပါ အစားအစာများသည် ကစီဓာတ်၏ အမျိုးအစားတစ်ခုဖြစ်သော (Starch) ခေါ် ကော်ရည်ဓာတ် အများဆုံးပါသော အစားအစာများ ဖြစ်ကြပါသည်။ 

 

အဓိကကျသည့် အချက်တစ်ချက်မှာ စားသုံးလိုက်သော ကစီဓာတ်သည် အစာအိမ်မှ အစာခြေဖျက်ပြီး အူသိမ်အတွင်း ရောက်သည့်အခါ အူသိမ်နံရံမှ တဖြည်းဖြည်းချင်းစုပ်ယူ၍ သွေးတွင်းရောက်လာလျှင် သွေးချိုဓာတ်သည် တဖြည်းဖြည်းချင်း မြင့်တက်လာပြီး အကယ်၍ အူသိမ်မှ ချက်ချင်းလျင်မြန်စွာ စုပ်ယူလျှင် သွေးချိုဓာတ် ချက်ချင်းလျင်မြန်စွာ ထိုး၍ တက်သွားစေနိုင်ပါသည်။ သွေးချိုဓာတ်သည် တဖြည်းဖြည်းချင်း တက်လာပါလျှင် ခန္ဓာကိုယ်မှ ၎င်းကိုထိန်းရန် ပန်ကရိယအကျိတ်မှ အင်ဆူလင်ဟော်မုန်းကို ထုတ်ပေးချိန်ရသဖြင့် သွေးချိုဓာတ်များ အလွန်အကျွံမမြင့်တက်ရအောင် ထိန်းသိမ်းနိုင်ချိန်ရပါသည်။ အကယ်၍ သွေးချိုဓာတ်သည် လျင်မြန်စွာ ထိုးတက်သွားလျှင် ပန်ကရိယအကျိတ်မှ အင်ဆူလင်ဟော်မုန်းထုတ်၍ သွေးချိုဓာတ်ကိုထိန်းရန် အချိန်မမီလိုက်သည့်အတွက် သွေးချိုဓာတ်များ မြင့်တက်သွားနိုင်ပါသည်။ 

 

ဤအခြေအနေအကြောင်းတရားပေါ် မူတည်၍ ကော်ရည်ဓာတ်ပါသော အစားအစာများကို စားသုံးနိုင်ပြီး သွေးချိုဓာတ် ချက်ချင်းထိုးတက်စေသော ပျော်ဝင်လွယ် သကြားဓာတ်ပါသော အစားအစာများကို မစားသုံးသင့်ကြပါ။ စားသုံးသည့်အစားအစာများ၏ ပမာဏကို နေ့စဉ်အလွယ်တကူ လိုက်နာကျင့်သုံးနိုင်ရန် အကြံပြုဆွေးနွေးတင်ပြလိုပါသည်။ ယခင်က ကစီဓာတ်ကို လူတစ်ဦး တစ်နေ့တာလိုအပ်မည့် ကယ်လိုရီ ခေါ် စွမ်းအင်ဓာတ် စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းမှ ရသင့်သည်။ ယခုအခါ အလွယ်တကူလိုက်နာနိုင်ရန် ထမင်းပန်းကန်၏ အချိုးကျပါဝင်မှုကို ဖော်ပြခြင်းပုံစံ (Plate model) ဖြင့်သာ အကြံပြုလာကြပါသည်။ မိမိထမင်းထည့်စားမည့် ပန်းကန်ပြားတစ်ချပ်ကို စိတ်မှန်းဖြင့် လေးပုံ၊ လေးခြမ်းခွဲ၍ ခြမ်းထားကြည့်ပါ။

 

လေးပုံတစ်ပုံတွင် ကစီဓာတ်ပါသော အစားအစာ၊ ဆန်မှရသောအစားအစာ သို့မဟုတ် ဂျုံမှရသောအစားအစာကို ပုံ၍ထည့်ပါ။ အများအားဖြင့် ထမင်းကို စားသုံးမှုများသည့်အတွက် ပန်းကန်၏ လေးပုံတစ်ပုံကို ထမင်းပုံထည့်ရန် အကြံပြုလိုပါသည်။ ကျန်သည့်လေးပုံတစ်ပုံတွင် အသားဓာတ် ပါဝင်သည့်အစားအစာကို ထည့်ပါ။ အသားအမျိုးမျိုး၊ ငါး၊ ပုစွန် အမျိုးမျိုးတို့ကို ဤအပိုင်းတွင် ထည့်ထားနိုင်ပါသည်။ ကျန်သည့်ပန်းကန်၏ လေးပုံနှစ်ပုံ သို့မဟုတ် ပန်းကန်၏တစ်ဝိုက်ကို ဟင်းသီးဟင်းရွက်များဖြင့်သာ ချက်သောဟင်းဖြစ်စေ၊ ဟင်းသီးဟင်းရွက်စိမ်းများကို ထည့်၍ဖြစ်စေ စားသုံးသင့်ကြပါသည်။ ဤသို့ အစားအစာတစ်ခါ ပမာဏကို လူတိုင်း အလွယ်တကူလိုက်နာနိုင်မည်ဟု ယူဆပါသည်။ ဤကဲ့သို့ ပန်းကန်ပြားဖြင့် ချိန်တွယ်ထည့်သည့် အစားအစာ၏ ပမာဏကို အဓိကအစာစားချိန် (Main Meal) ဖြစ်သော မနက် (Breakfast)၊ နေ့လည်စာ (Lunch) နှင့် ညစာ (Dinner) များအတွက် အဓိကရည်ရွယ်၍ ဖော်ပြခြင်း ဖြစ်ပါသည်။


Credit:
ပါမောက္ခဦးတင့်ဆွေလတ် (ဆီးချိုသွေးချိုရောဂါနှင့် အထွေထွေရောဂါကုဆရာဝန်ကြီး)
ဆီးချိုသွေးချိုရောဂါ လက်တွေ့ကျကျ ကာကွယ်ကုသကြ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18